သန့်ရှင်းရေးအလုပ်ကို နှစ်(၂၀)ကြာ သစ္စာရှိစွာလုပ်ခဲ့တဲ့အဖွားအိုကို အိမ်တစ်လုံးဆုချီးမြင့်

နယူးယောက်မြို့က အဆင့်မြင့်လူနေတိုက်ခန်းတစ်ခုမှာ အနှစ်(၂၀)ကြာ သန့်ရှင်းရေးဝန်ထမ်းအလုပ်ကို စွဲစွဲမြဲမြဲလုပ်ကိုင်ခဲ့တဲ့ အဖွားအိုကတော့ သူမရဲ့ စေတနာကို တုန့်ပြန်သည့်အနေဖြင့် တိုက်ခန်းနေမိသားစုဝင်တွေက အိမ်တစ်လုံး ဆုချီးမြင့်ခဲ့ကြောင်း သိရပါတယ်။ အဖွားအိုရဲ့အမည်ကိုတော့ Rosa လို့သာ ဖော်ပြထားပါတယ်။

အဖွားဟာ ကိုဗစ်ကာလအကျပ်အတည်း ရှိနေပေမယ့် သူမကတော့ အပြုံးမပျက်၊ အလုပ်လာမပြတ်၊ တိုက်ခန်းနေမိသားစုဝင်တွေကို ကူညီစရာရှိတာတွေ ကူညီဖို့ မပျက်ကွက်ခဲ့ပါဘူး။ သူမကို တိုက်ခန်းနေ မိသားစုဝင်တွေကလည်း ချစ်ကြသလို၊ အိမ်မှာ ဟင်းတွေ၊ မုန့်တွေ အပိုအလျှံရှိတဲ့အခါ ဦးဦးဖျားဖျား ခေါ်ပေးတတ်ကြပါတယ်။

သူစိမ်းတွေကို မိသားစုဝင်တွေကဲ့သို့ ရင်းနီးအောင် အနှစ်(၂၀)ဆိုတဲ့ အချိန်ကာလဟာ လုံလောက်တဲ့ပမာဏဖြစ်ပါတယ်။ သူမအနေနဲ့ မိသားစုစားဝတ်နေရေး နေလို့ရရုံ၊ စားလို့သောက်လို့ ရရုံလောက်သာ ဝင်ငွေရှိခဲ့ပြီး၊ အရွယ်ကောင်းစဉ်က ဒီထက်ပိုကောင်းတဲ့အလုပ်တွေ ပြောင်းဖို့ အခွင့်ရေးတွေရှိခဲ့သော်လည်း၊ ငွေကြေးထက် သံယောဇဉ်ကိုပဲ ဦးစားပေးခဲ့ရှာတာပါ။

အခု ဗွီဒီယိုဖိုင်ထဲမှာလည်း သူမကို သန့်ရှင်းရေးလုပ်ရအောင်ဆိုပြီး အိမ်ခန်းအသစ်တစ်ခုကို ခေါ်သွားခဲ့ပါတယ်။ အခန်းတွေကို အကုန်လိုက်ပြပြီးနောက်၊ အဖွား Rosa အနေနဲ့ ဒီအိမ်ကြီးမှာ သူမ သန့်ရှင်းရေးတွေ လုပ်ရတော့မယ်၊ ဝင်ငွေလေး နည်းနည်းပိုလာတော့မယ်လို့ တွေးပြီး အတော်လေး ပျော်ရွှင်နေပုံပါ။

ဒါပေမယ့် ဒီအိမ်ကြီးဟာ သူမအတွက် စိတ်လှုပ်ရှားစရာ လက်ဆောင်တစ်ခု ဖြစ်နေတာကို သူမ သိလိုက်ရတဲ့အခါမှာတော့ ဝမ်းသာလွန်းလို့ ငိုရှာပါတော့တယ်။ အိမ်ကြီးဟာ အိပ်ခန်းလေးခန်းပါပြီး၊ ရေချိုးခန်းသုံးခန်းပါတဲ့ အဆင့်မြင့် အိမ်တစ်လုံးဖြစ်ပါတယ်။ ကာလတန်ဖိုးအားဖြင့် ဒေါ်လာ သိန်းဂဏန်းကတော့ ရှိမှာပါ။ အိမ်အကျယ်ကတော့ (၂၅၀၀)စတုရန်းပေ ဖြစ်ပါတယ်။

အဖွားအိုခမျာ ဒီလောက်ကောင်းတဲ့အိမ်ကိုနေရဖို့ဆိုတာ ဘယ်တုန်းကမှ စိတ်ကူးခဲ့မှာမဟုတ်ပါဘူး။ သူမကို တိုက်ခန်းစာချုပ်မှာ လက်မှတ်ထိုးခိုင်းခဲ့သလို၊ အိမ်သော့တွေအကုန်လုံးကိုလည်း နှင်းအပ်ခဲ့ရာ၊ ဒီမြင်ကွင်းလေးကို မြင်ရသူအဖို့ ပီတိပွားစရာ ဖြစ်ခဲ့ပါတယ်။ အဖွားအနေနဲ့ သူမ သစ္စာရှိစွာ၊ သံယောဇဉ်ရှိစွာ လုပ်ပေးခဲ့တဲ့စေတနာအကျိုးကို ခံစားရတယ်လို့ သဘောပေါက်လက်ခံမိပါတော့တယ်။

လင်းဇော်ကို

Ref ; UniLad

About the author

Aone

View all posts

Leave a Reply

Your email address will not be published. Required fields are marked *