ပန်ဆယ်လိုကို အကြောင်းမရှိ အကြောင်းရှာပြီး ဆွဲစိဖို့ ကြံနေကြပြီ

ပန်ဆယ်လိုကို အကြောင်းမရှိ အကြောင်းရှာပြီး ဆွဲစိဖို့ ကြံနေကြပြီ..

(ရေးသားသူ – အိပန်ဆယ်လို)

ဒီနေ့မနက် ကျွန်မအိမ်ကို သူတို့ ထပ်ရောက်လာပါတယ်။ ဘယ်လိုပြစ်မှုနဲ့ ရှာမှာလဲ မေးတော့ ကျွန်မဘဏ်အကောင့်ထဲမှာ ပိုက်ဆံတွေ များနေလို့ပါတဲ့။ သိန်းပေါင်းသောင်းချီရှိနေလို့ပါတဲ့။ဖေ့စ်ဘုတ်ပေါ်မှာ ဖွနေတဲ့ တင်ဒါရတယ်တို့၊ ငွေကြေးခဝါချတယ်တို့ဆိုတဲ့ ဂုဏ်သိက္ခာမရှိတဲ့ ပုဒ်မတွေ တပ်တော့မယ်လို့ ယူဆပါတယ်။ ကျွန်မကို နိုင်ငံရေးပုဒ်မတပ်ပြီး ဂုဏ်တင်မယ်တော့ မထင်ပါ။

ကျွန်မအနေနဲ့ အခုအချိန်မှာ ဘာမှတတ်နိုင်တဲ့ အင်အားမရှိပါ။ စစ်အာဏာသိမ်း အခြေအနေမှာ ကျွန်မဘဏ်အကောင့်ထဲမှာ ဘာမှမရှိလည်း ချက်ချင်းရှိသွားအောင်လုပ်ပြီး သူတို့လိုချင်တဲ့ပုဒ်မကို ရအောင်တပ်ပါလိမ့်မယ်။ ဝရမ်းတောင်းထားတာ မပြသေးပေမယ့် ခဏနေ ဝရမ်းယူပြီးသော်လည်းကောင်း၊ ဝရမ်းမပါဘဲသော်လည်းကောင်း ပြန်လာပါလိမ့်မယ်။ တံခါးဖွင့်ပေးလိုက်ပါတော့မယ်။

ကျွန်မအနေနဲ့ အခုအချိန်မှာ တိုင်တည်စရာ လူထုပဲ ရှိပါတယ်။ ကျွန်မရဲ့ သမီးလေး၊ ကျွန်မရဲ့ သက်ရှိထင်ရှားမိဘနဲ့ ကျိန်တွယ်ပြီး ပြောပါတယ်။ ကျွန်မဘဝမှာ သိန်းပေါင်းသောင်းချီဆိုတဲ့ငွေကို မမြင်ဖူးခဲ့ပါ။ မကိုင်ဖူးခဲ့ပါ။ မရဖူးခဲ့ဘူး။ အခု ဝယ်ယူထားတဲ့ အိမ်ဟာ ကျွန်မနဲ့ ကျွန်မမိသားစုရဲ့ ဆယ့်တစ်နှစ်တာ ကျိုးကျိုးကုတ်ကုတ်ရှာဖွေထားတဲ့ ငွေပါ။ ဘဏ်မှာ Home Loan ချေးငွေနဲ့ ဝယ်ယူပြီး လစဉ်ဆပ်နေတာပါ။ စာရွက်စာတမ်းအားလုံးရှိပါတယ်။ နိုင်ငံတော်ဆီ ငွေဖြူနဲ့ အခွန်ငွေဆောင်ပြီး တရားဝင်ဝယ်ယူထားတာပါ။

ကျွန်မ ဘဏ်အကောင့်ထဲမှာ သိန်းပေါင်းသောင်းချီတစ်ခါမှ မရှိခဲ့ဖူးပါ။ ရတနာရောင်းချခြင်းဟာလည်း ရွှေဆိုင်တွေ ပန်းထိမ်တွေက ယုံကြည်မှုအားဖြင့် ပစ္စည်းချပေး၊ ရောင်းပြီး ပိုက်ဆံပြန်ပေး စနစ်နဲ့ပါ။ ရတနာအရောင်းအဝယ်လုပ်သူဖြစ်တဲ့အတွက် ဘဏ်အကောင့်ထဲ ငွေဝင်ငွေထွက်များပေမယ့် သိန်းပေါင်းသောင်းချီတစ်ခါမှ မရှိခဲ့ဖူးပါ။ သိန်းတစ်ထောင်ပတ်လည်အပြင် တစ်ခါမှကို မရှိဖူးပါ။

အမေဒေါ်အောင်ဆန်းစုကြည် အုပ်ချုပ်ခဲ့စဉ် ကာလတောက်လျှောက် အမေ့ကို ချစ်ခင်ခြင်းသီးသန့်မှ လွဲ၍ ကိုယ်ကျိုးစီးပွါး ပတ်သက်ခဲ့ခြင်းမရှိပါ။ အစိုးရလုပ်ငန်းများ၊ တင်ဒါများ စသဖြင့် ကိုယ်ကျိုးစီးပွါးများ တစ်ခါမှ ပတ်သက်ခဲ့ခြင်းမရှိပါ။

ဒီစကားတွေကို ကျွန်မအသက်အပြင် ကျွန်မမိသားစုနဲ့ပါ ကျိန်တွယ်ပြီး ပြောပါတယ်။ ဖေ့စ်ဘုတ်မှာ ကျွန်မစီးပွါးရေးနဲ့ ပတ်သက်ပြီး အပုတ်ချသမျှ ကျွန်မ မဖြေရှင်းခဲ့ပါ။ အခုက ကျွန်မကို ဒီလို တကယ်ဖြစ်အောင် အမှုဆင်ဖန်တီးတော့မှာ ဖြစ်တဲ့အတွက် အများသိအောင် ပြောဖို့ လိုအပ်တဲ့အတွက် ပြောရခြင်း ဖြစ်ပါတယ်။

အာဏာရှင်စနစ်မှာ အမှန်ဟာ အမှားဖြစ်သွားအောင် ဖန်တီးနိုင်တယ်။ အာဏာရှင်စနစ်မှာ ဥပဒေမရှိဘူး။ အမှန်တရား မရှိဘူး။ ရှူနေတဲ့လေကအစ သန့်စင်မှု မရှိဘူး။ နိုးလာတဲ့ မနက်တိုင်းမှာ ဘာမျှော်လင့်ချက်မှ မရှိဘူး။

စစ်အာဏာရှင်စနစ် ကျရှုံးပါစေ။ (အိပန်ဆယ်လို)

About the author

Aone

View all posts

Leave a Reply

Your email address will not be published. Required fields are marked *